Saturday, February 27, 2016

ကျောက်ဘီလူးရွာ မူလတန်းကျောင်း စာသင်ခန်းနှင့် သင်ထောက်ကူပစ္စည်း အခက်အခဲရှိနေ

ဖေဖော်ဝါရီ ၂၇ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ်၊ သေမင်းတမံ ရထားလမ်းအနီးရှိ ကျောက်ဘီလူးကျေးရွာရှိ ကိုယ်ထူကိုယ်ထ မူလတန်းစာသင် ကျောင်းမှာ ကျောင်းသူကျောင်းသား ဦးရေအရ ကျောင်းစာသင်ခန်းနှင့်
သင်ထောက်ကူပစ္စည်း မလုံလောက်မှုပြဿနာနှင့် ကြုံတွေ့နေရသည်ဟု ကျောင်းအုပ်ဆရာကြီးဖြစ်သူ စောမောင်တာက ဖေဖော်ဝါရီလ ၂၃ရက်နေ့က ကေအိုင်စီသို့ ပြောသည်။
၎င်းက “ကျောင်းသားဦးရေများလာတော့ ကျောင်းက မဆံ့တော့ဘူးလေ။ စာသင်ရတာ လုံးဝ အဆင်မပြေပါဘူး။ နွေပိုင်းဆိုရင် ကျောင်းရှေ့သစ်ပင်အောက်မှာ အလှည့်ကျ ကလေးနဲ့ စုပြီး သွားသင်နေရတယ်။ မိုးတွင်းဆိုရင်တော့ ဟိုဘက်အတန်းက စာ သင်နေရင် ဒီဘက်အတန်းက ခဏ နားပေးရတယ်။ ဆရာ၊ ဆရာမတွေ တစ်ယောက်တစ်လှည့် မျှပြီးတော့ သင်နေရတယ်”ဟု ပြောသည်။
ထို့အပြင် ပညာသင်ယူနေသည့် ကျောင်းသူ၊ ကျောင်းသားဦးရေနှင့် စာသင်ကြားနေသည့် ဆရာ၊ ဆရာမ ဦးရေ အချိုးမမျှမှု၊ စာ သင်ခုံ မလုံလောက်မှုများကြောင့် ကျောင်းသားနှစ်ဦးကို စားပွဲခုံတစ်လုံးဖြင့်သာ တွဲထိုင်နေရပြီး စာမေးပွဲဖြေချိန်၌လည်း စားပွဲခုံ မလုံလောက်သည့် ပြဿနာကြုံနေရကြောင်း ၎င်းကျောင်းအုပ်ဆရာကြီးက ဆက်ပြောသည်။
ကိုယ်ထူကိုယ်ထဆောက်ဖြင့် စတင် ဆောက်လုပ်သည့် ၎င်းကျောက်ဘီလူး မူလတန်းစာသင်ကျောင်းကို (၂၀၁၂)ခုနှစ်က အစိုး ရမှ တရားဝင် စာသင်ကျောင်းအဖြစ် အသိအမှတ်ပြုပေးခဲ့ပြီး လက်ရှိ ကျောင်းသူကျောင်းသားဦးရေ(၃၀၀)ကျော်ကို ဆရာ၊ ဆရာမ (၁၂)ဦးက စာသင်ကြား ပို့ချပေးလျှက်ရှိသည်။
ကျောက်ဘီလူးရွာ (၁၂)ရွာပိုင် မန်းနဲလှထောက “အခု လက်ရှိ ပညာရေးဋ္ဌာနကပဲဖြစ်ဖြစ်၊ အစိုးရဘက်က တာဝန်ရှိသူဖြစ်ဖြစ် ကျနော်တို့ရွာမှာ စာသင်နေရတဲ့ ကလေးတွေရော၊ ဒီမှာ တာဝန်လာကျတဲ့ ဆရာ၊ဆရာမတွေရဲ့ နေထိုင်စားသောက်ရတဲ့ အခက် အခဲတွေကို (၆)လတစ်ခါ မလာနိုင်ရင်တောင်မှ တနှစ်တစ်ခါလာပြီး ဒီက အခက်အခဲတွေကို လာကြည့်စေချင်တယ်။ မကူညီနိုင် ရင်တောင်မှ လမ်းညွှန်မှုလေးတွေ လာပြီးပြောပေးစေချင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကျောက်ဘီလူးကျေးရွာမှာ သွားလာရေးအတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် တာဝန်ကျ ဆရာ၊ ဆရာမ အချို့က လာရောက်စာသင်ကြားပေးရန် ဆန္ဒမရှိကြသလို တာဝန်ကျ ဆရာ၊ ဆရာမများ နေထိုင်ရန်အဆောင်လည်း မလုံ လောက်သဖြင့် ဘုန်းတော်ကြီးကျောင်း၌သာ နေထိုင်ခဲ့ရသည်ဟု မန်းနဲလှထောက ဆက်ပြောသည်။
အိမ်ခြေပေါင်း (၃၁၈)အိမ်နှင့် လူဦးရေ တစ်ထောင်ကျော်ရှိသည့် ကျောက်ဘီလူးကျေးရွာတွင် မူလတန်းစာသင်ကျောင်း သုံး ကျောင်းနှင့် ကျေးလက်ကျန်းမာရေးဋ္ဌာနတစ်ခုရှိပြီး ရွာသားအများစုမှာ ကွမ်းသီးခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။ ကျောက်ဘီလူးကျေးရွာ မူလတန်းစာသင်ကျောင်းကို ယခင်က ဖားပြ(အထက)ကျောင်းနှင့် တွဲဘက်ကျောင်းအဖြစ် ထားရှိခဲ့ရာမှ ၂၀၁၅ခုနှစ်တွင် အစိုးရက တရားဝင် မူလွန်ကျောင်းအဖြစ် သတ်မှတ်ပေးခဲ့ပြီးနောက် ယခုလို မူလတန်းကျောင်း ဖြစ်လာခြင်းဖြစ် သည်။
Share:

Related Posts:

0 comments:

Post a Comment